ဝါသနာကို အသက်မွေးဝမ်းကျောင်းအဖြစ် ပြောင်းလဲနိုင်မည့် နည်းလမ်း ၈ ခု

MM Beauty

ကိုယ့်ကို စိတ်လှုပ်ရှားစေတဲ့ ဝါသနာပါရာ တစ်ခုခုရှိနေတာက ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ။ အဲဒီကတဆင့် ဝါသနာနဲ့ ဝင်ငွေရှာနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့။ အခုဆောင်းပါးမှာ ဝါသနာကို သက်မွေးလုပ်ငန်း အဖြစ် ဘယ်လိုပြောင်းလဲရမလဲဆိုတာ ပြောပြပေးသွားပါမယ်။

၁ - မိမိ ဝါသနာနဲ့ စိတ်အားထက်သန်ရာကို ဖော်ထုတ်ပါ။

လက်ရှိလုပ်ကိုင်နေတဲ့သက်မွေးလုပ်ငန်းကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲလို့ အောင်မြင်သူအများစုကို မေးရင် ဝါသနာပါလို့ ရွေးချယ်ခဲ့တာလို့ ဖြေကြမှာပါ။ ကိုယ့်အားသန်ရာ ဝါသနာကို သိခြင်းက အခြေအနေ တွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ အနာဂတ်မှာ ဘာဖြစ်ချင်လဲ၊ တွေးလိုက်တိုင်း ပြုံးမိစေတဲ့အရာက ဘာဖြစ်မလဲဆိုတာ သိအောင်လုပ်ပါ။


၂ - လေ့လာဖို့ မပျင်းပါနဲ့။

စနစ်ကျတဲ့ အစီအစဉ်တစ်ခုရေးဆွဲဖို့ လေ့လာဆန်းစစ်မှုတွေ သေသေချာချာလုပ်ဖို့လိုအပ်ပါတယ်။ ကိုယ်ဝါသနာပါရာ နယ်ပယ်ထဲက အောင်မြင်နေတဲ့သူတစ်ယောက်ကို ချဉ်းကပ်ပြီး သူတို့ရဲ့ အတွေ့အကြုံကို မေးမြန်းပါ။ သက်မွေးလုပ်ငန်းတစ်ခုမှာ ဝင်ငွေရှိဖို့ အရေးကြီးတာမို့ ဝင်ငွေရနိုင်ချေရှိတဲ့ နည်းလမ်းတွေကို ရှာဖွေပါ။


၃ - မိမိထူးခြားချက်ကိုသိအောင်လုပ်ပါ။

သူလိုကိုယ်လို ဝါသနာရှင်တွေကြားမှာ ထင်ပေါ်စေနိုင်မဲ့ ကိုယ့်ထူးခြားချက်က ဘာဖြစ်မလဲ။ သိသာထင်ရှား ပြီး တမူထူးခြားတဲ့ ကိုယ်ပိုင်ဟန်တစ်ခုကို တည်ဆောက်ယူပါ။


၄ - ဖောက်သည်ဖြစ်လာနိုင်မဲ့အသိမိတ်ဆွေတွေကို ချဉ်းကပ်စည်းရုံးပါ။

အကြံပေးချက်တွေကို သေချာနားထောင်ပြီး ပြင်ဆင်ပါ။ မိတ်ဆွေတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်အကြံပေး ဖို့ တောင်းဆိုပါ။ ဒီလူတွေကို အခမဲ့ကြော်ငြာပေးတဲ့ ပထမဆုံးဖောက်သည်တွေဖြစ်လာအောင် စည်းရုံး သိမ်းသွင်းနိုင်မလား ကြိုးစားကြည့်ပါ။


၅ - သူတပါးက မိမိကို သတိပြုမိလာအောင် အားထုတ်ပါ။

နေရာတစ်ခုမှာ နာမည်ရလာဖို့ အချိန်နဲ့ ကြိုးစားအားထုတ်မှု အများကြီး ရင်းနှီးရပါတယ်။ လမ်းညွှန်ပေးနိုင်တဲ့ ဆရာသမားကိုချဉ်းကပ်တာမျိုး၊ အလုပ်သင်အခွင့်အလမ်းတွေ၊ အလွတ်တန်းနဲ့ စီမံချက်အလုပ်တွေ ရှာဖွေ လုပ်ကိုင်တာမျိုးနဲ့ ကိုယ့်အရည်အချင်းကို သတိထားခံရအောင် ပြုလုပ်ပါ။


၆ - ကိုယ့်ဖန်တီးမှုကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထုတ်ဖော်ပြသပါ။

ကိုယ့်ဖန်တီးမှုတွေကို လူအများမြင်သာအောင် Instagram, YouTube, Facebook, LinkedIn အစရှိတဲ့ online platform တွေသုံးပြီး ချပြပါ။ ကိုယ့်ရဲ့ ဖန်တီးမှုကို နားလည်လေးစားတန်ဖိုးထားရုံမက စိတ်ကူးတွေကို မျှဝေနိုင်မဲ့ ဝါသနာတူသူ၊ အတွေးအမြင်တူတဲ့သူတွေနဲ့ အဝန်းအဝိုင်းတစ်ခုကို တည်ဆောက်ပါ။


၇ - အခက်အခဲတွေကြောင့် စိတ်ပျက်မသွားပါနဲ့။

အိပ်မက်တွေဆီလျှောက်လှမ်းတဲ့လမ်းခရီးမှာ အနိမ့်၊ အမြင့်၊ အတက်၊ အကျတွေကြုံရလို့ အဆင်မပြေတဲ့ အခါ စိတ်မပျက်လိုက်ပါနဲ့။ အခက်အခဲတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲအသုံးချပြီး အိပ်မက်တွေ လက်တွေ့ အကောင်အထည်ဖော်လိုက်ပါ။


၈ - ဝင်ငွေလမ်းကြောင်းကို ရှာဖွေဖန်တီးပါ။

သက်မွေးလုပ်ငန်းတိုင်းရဲ့ နောက်ဆုံးရည်မှန်းချက်ဖြစ်တဲ့ ဝင်ငွေရရှိဖို့ အသုံးစရိတ် နဲ့ ဝင်ငွေကို သေချာစီစစ် ရပါမယ်။ အမြတ်ထဲကတစ်ချို့ကို တိုးတက်ဖို့ သင်တန်း တက်တာမျိုး၊ ပိုကောင်းတဲ့ ကိရိယာတန်ဆာပလာ ဝယ်တာမျိုးမှာ အသုံးပြုပါ။ စိတ်ရှည်ရှည်နဲ့ ကြိုးစားမှုကို မရပ်တန့်ဘူးဆိုရင် တဖြေးဖြေးနဲ့ ဝင်ငွေရရှိလာမှာ အသေအချာပါပဲ။


အပေါ်က အချက်လေးတွေကို တစ်ဆင့်ချင်းအကောင်အထည်ဖော်ပြီး ဝါသနာကနေ ဝင်ငွေရှာဖို့ ဆုတောင်း ပေးလိုက်ပါတယ်။