မိမိစိတ်အားထက်သန်ရာကို ရှာဖွေဖို့ နည်းလမ်း ၇ သွယ်

MM Beauty

ကိုယ်စိတ်ပါဝင်စားရာ၊ ကိုယ့်စိတ်အားထက်သန်မှုကဘာလဲဆိုတာကို မသိနေဘူးဆိုရင် အကောင်အထည် ဖော်ဖို့ ဖြစ်နိုင်ပါ့မလားလို့ စိုးရိမ်နေသူတွေကို ဒီဆောင်းပါးမှာ ဝါသနာကို ဘယ်လိုရှာဖွေဖော်ထုတ်ရမလဲ ဆိုတာ ပြောပြပေးသွားပါမယ်။


၁ - စိတ်အားထက်သန်မှုဆိုတာဘာလဲ။

ကိုယ်ကျွမ်းကျင်ရာ ဒါမှမဟုတ် ဝင်ငွေဖန်တီးပေးနိုင်တဲ့အရာတိုင်းက စိတ်ထက်သန်ရာ မဟုတ်ပါဘူး။ စိတ်အားထက်သန်ရာဆိုတာ လူတစ်ယောက်ကို စိတ်ပျော်ရွှင်စေပြီး စိတ်လှုပ်ရှားတက်ကြွစေတဲ့အရာကို ခေါ်တာပါ။


၂ - မိမိရဲ့အကျင့်စရိုက်ကို ပြန်လည်သုံးသပ်ပါ။

ကိုယ့်ကိုစိတ်လှုပ်ရှားစေတဲ့ အရာ၊ မပျက်မကွက် လုပ်မိနေတဲ့ အလေ့အကျင့် ဒါမှမဟုတ် သေချာသိနေတယ် လို့ ယုံကြည်ချက်ရှိတဲ့ အကြောင်းအရာကိစ္စမျိုးရှိလား။ ဥပမာ ပန်းချီ၊ လက်မှုပညာတစ်ခုခု၊ ရုပ်ရှင်၊ အားကစား၊ အိမ်မွေးတိရိစ္ဆာန်၊ သိပ္ပံပညာ အစရှိသဖြင့်ပေါ့။


၃ - စမ်းသပ်ပါ။

ကိုယ့်ကို စိတ်လှုပ်ရှားစေတဲ့အရာနဲ့ ဆက်စပ်တာတွေကို စမ်းသပ်ကြည့်ပါ။ ဥပမာ စက္ကူပေါ်မှာ ခဲခြစ်ပန်းချီ ဆွဲရတာကို ကြိုက်တဲ့သူဆိုရင် canvas ပေါ်မှာ ဆီဆေး၊ ရေဆေး ပန်းချီဆွဲကြည့်တာမျိုး လုပ်ကြည့်ပေါ့။


၄ - အင်တာနက်ကို အသုံးချပါ။

ပြီးရင်တော့ လေ့လာသင်ယူနိုင်မဲ့ အခွင့်အရေးတွေကို ရှာဖွေရမဲ့အချိန်ရောက်ပါပြီ။ အခွင့်အရေးရှာဖွေတဲ့ အခါ ကိုယ့်အနီးအနားဝန်းကျင်မှာရှာတဲ့အပြင် internet ကိုသုံးပြီးလည်း ရှာဖွေစေချင်ပါတယ်။ YouTube၊ Facebook၊ Instagram နဲ့ Viberလို နေရာတွေမှာ အကြောင်းအရာပေါင်းစုံအတွက် သင်ခန်းစာမျိုးစုံကို အချိန်မရွေး အခမဲ့ ရှာဖွေလေ့လာနိုင်ပါတယ်။


၅ - ပိတ်ရက်တွေကို အသုံးချပါ။

ရုံးဖွင့်ရက်တွေမှာ လေ့လာသင်ယူဖို့ကြိုးစားပြီး စိတ်ဖိစီးခံမဲ့အစား ရုံးပိတ်ရက်တွေမှာ တစ်ခုခုကို လေ့လာ သင်ယူဖို့ လုံလောက်မဲ့အချိန်တစ်ခုကို သတ်မှတ်ပါ။ အလုပ်တစ်ခုလို မလုပ်မနေရ ကန့်သတ်ချက်တွေ အများကြီးတော့ မထားမိပါစေနဲ့။


၆ - ဝင်ငွေပြန်မရမှာ မပူပါနဲ့။

ကိုယ်ကျွမ်းကျင်တဲ့အရာနဲ့ ငွေဘယ်လိုရှာလို့ရမလဲဆိုတဲ့ခေါက်ရိုးကျိုးနေတဲ့အတွေးအခေါ်ကို မတွေးမိဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်စိတ်ပျော်ရွှင်မှုကို ငွေကြေးနဲ့တိုင်းတာဖို့ မလိုပါဘူး။ guitar တီး သီချင်းဆိုရတာ ကြိုက်ရုံနဲ့ အဆိုတော်ဖြစ်ရမယ်မဟုတ်ဘူးမလား။ နောက်ပိုင်း အဆိုတော်ဖြစ်ချင်လာမှ ကြိုးစားတာကတော့ နောက်တကဏ္ဍပေါ့။ လက်ရှိကတော့ ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာ လုပ်နေဖို့ပဲ အရေးကြီးပါတယ်။


၇ - စိတ်ရှည်ရှည်ထားပါ။

လူတစ်ယောက်ရဲ့ စိတ်အားထက်သန်ရာကို ရှာဖွေတွေ့ရှိဖို့ အချိန်လိုအပ်ပါတယ်။ စိတ်ဝင်စားရာကို အသက် ၄၀ နောက်ပိုင်းမှပဲ ရှာဖွေတွေ့ရှိသွားတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်ကိုယ့် အားသန်ရာကို ရှာဖွေဖို့ အချိန်မယူပဲ စိတ်လောပြီး သူများလုပ်တိုင်း လိုက်လုပ်တာမျိုး မလုပ်မိပါစေနဲ့။ သူများတွေနဲ့ မယှဉ်ပဲ ကိုယ့်အရှိန်နဲ့ကိုယ် တစ်လှမ်းချင်းစီလှမ်းပြီး ကိုယ့်စိတ်အားသန်ရာကို စမ်းသပ်ရှာဖွေပါ။


ကဲ.. ဒါဆိုရင်တော့ အထက်မှာပြောခဲ့တဲ့ အချက် ၇ ချက်ကို အသုံးချပြီး ကိုယ့်စိတ်အားသန်ရာ ဝါသနာကို ရှာဖွေ ဖော်ထုတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။