Stress and Anxieties

စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်ဆိုတာက ပုံမှန် ဒွန်တွဲပြီးလာတတ်တာမျိုးပါ။ ကျွန်တော်တို့တွေက ဒီ ၂ခုကို အတူတူပဲလို့ ထင်တတ်ကြပေမယ့် တကယ့်တကယ်မှာကတော့ ဒီ ၂ ခုက မတူပါဘူး။ ဒီ ၂ ခု ဘယ်လိုကွဲသလဲဆိုတာကို ကျွန်တော်တို့ လေ့လာကြရအောင်။


(၁) စိတ်ဖိစီးမှုမှာ စိတ်ဖိစီးစေတဲ့အခြေခံအကြောင်းအရာရှိပါတယ်။

စိတ်ဖိစီးမှုရင်ဆိုင်ရတိုင်းမှာ ဒီစိတ်ခံစားချက်ကိုဖြစ်စေတဲ့ အခြေခံအကြောင်းအရာက အမြဲရှိပါတယ်။ ဥပမာအားဖြင့် ခက်ခဲတဲ့အရာကို ရင်ဆိုင်ရမှာမလို့ စိတ်ဖိစီးနေတာမျိုး၊ အလုပ်ဝန်ပိလို့ စိတ်ဖိစီးနေတာမျိုး၊ အကြပ်အတည်းတခုခုကြောင့် စိတ်ဖိစီးနေတာမျိုး စသဖြင့်ပါ။ ဒါကြောင့်မလို့ အခြေခံအားဖြင့် စိတ်ဖိစီးမှုဖြစ်လာတိုင်းမှာ ဒါကိုဖြစ်စေတဲ့ အခြေခံအကြောင်းအရာကို ဖြေရှင်းခြင်းအားဖြင့် စိတ်ဖိစီးမှုကို သက်သာစေပါတယ်။


(၂) စိုးရိမ်စိတ်မှာ အခြေခံအကြောင်းအရာမရှိပါ။

စိုးရိမ်စိတ်ဆိုတာကတော့ ကိစ္စတခုခု ဒါမှမဟုတ် မည်မည်ရရတည်လို့မရပဲ တစုံတခုအပေါ်စိုးရိမ်နေခြင်းပါ။ စိတ်ဖိစီးတာကြာလာတဲ့အခါ၊ ဒါမှမဟုတ် အတွေးလွန်လာတဲ့အခါမှာ စိုးရိမ်စိတ်အနေဖြင့်ဖြစ်ပေါ်လာတတ်ပါတယ်။ စိုးရိမ်စိတ်မှာတော့ သူ့ကိုဖြစ်စေတဲ့ အခြေခံအကြောင်းအရာရယ်လို့ သိသိသာသာမရှိတော့ပါဘူး။ ဥပမာ - အကြပ်အတည်းကိုရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုမှသည် နောက်ဆက်တွဲဖြစ်ရပ်တွေကို တွေးရင်းတွေးရင်း စိတ်ပူလာတာမျိုး၊ မိမိကိုယ်ကို ယုံကြည်မှုမရှိတာကြောင့် တခြားသူက ဘယ်လိုထင်မလဲလို တွေးနေမိတာမျိုးတွေက စိုးရိမ်ပူပန်တဲ့ စိတ်ခံစားချက်မျိုးပါ။


(၃) စိတ်ခံစားချက် (၂) မျိုးလုံးသည် သက်သာအောင်ကြိုးစားနိုင်သည့်လက္ခဏာမျိုးဖြစ်ပါတယ်။

ဒီစိတ်ခံစားချက်တွေကို သက်သာလာအောင်လုပ်လို့ရပါတယ်။ စိတ်ဖိစီးမှုအတွက်ဆိုရင် သူ့ရဲ့ စိတ်ဖိစီးစေတဲ့ အခြေခံအကြောင်းအရာကို သိအောင်ရှာဖွေပြီးနောက် အဲ့ဒီ ပြဿနာကို ဖြေရှင်းခြင်းအားဖြင့် စိတ်သက်သာရာရအောင် ပြုလုပ်နိုင်ပါတယ်။

စိုးရိမ်ပူပန်စိတ်အတွက်ကတော့ မိမိက အတွေးလွန်တတ်သလားဆိုတာကို အရင်သတိထားကြည့်ပါ။ ဘာလို့တွေးပူနေမိသလဲဆိုတာကို အဖြေရှာရင်း အတွေးလွန်တတ်တာကို လျော့ချပေးဖို့လိုအပ်ပါတယ်။ ချွေးထွက်များအောင်လုပ်တဲ့လှုပ်ရှားမှုမျိုး၊ အတွေးမများအောင် အလုပ်တခုခုလုပ်နေတာမျိုးကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုပြန်လည်ရရှိစေနိုင်ပြီး အတွေးများတာကို လျော့ချနိုင်တာကြောင့် စိုးရိမ်လွန်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ဒီလိုစိတ်ခံစားချက်တွေကို ကိုယ်တိုင်လည်းရှာဖွေနိုင်သလို ကိုယ့်ရဲ့ ပြဿနာတွေကို ရင်ဆိုင်နေရစဥ်မှာ နှစ်သိမ့်ဆွေးနွေးဖို့အကူအညီလိုအပ်ပါကလည်း Call Me Today ရဲ့ Helpline နံပါတ် 09-782383145 ကို အပတ်စဥ် တနင်္လာနေ့မှ စနေနေ့အထိ ညနေ ၅ နာရီမှ ၁၁ နာရီအတွင်း ဖုန်းဆက်ကာ ဆွေးနွေးနိုင်ပါတယ်။