How To Control Your Anger

ကျွန်တော်တို့တွေက စိတ်တိုဒေါသထွက်တဲ့အခါမှာ မထိန်းနိုင်ကြတာများပါတယ်။ “ငါကစိတ်တိုရင်ထိန်းမရတော့ဘူးနော်။ ငါကစိတ်ကြီးတယ်။” တို့ဆိုတာကျွန်တော်တို့နဲ့ မစိမ်းတဲ့စကားပါ။ ဒီလိုစိတ်ဆိုးနေတဲ့အခါမှာ တကယ်ကိုထိန်းရခက်ပါတယ်။ ဒါပေမဲ့လည်း ဒေါသထွက်ပြီး သွေးအေးသွားတော့မှ ငါဒီလိုတော့မဖြစ်သင့်ဘူးတို့တွေးမိခဲ့ဖူးသလားဗျ။


ဒေါသစိတ်ဆိုတာက စိတ်ဖိစီးမှုများတဲ့အခါမှာလည်း စိတ်ဖိစီးမှုဒဏ်ကြောင့် စိတ်ထွက်ပေါက်အနေနဲ့ ဖြစ်ပေါ်တတ်ပါတယ်။ နောက်ပြီးတော့ ကိုယ့်အတွက်လွတ်လပ်တယ်၊ ဆိုးကျိုးမရှိနိုင်ဘူးဆိုတဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ရဲ့ ဒေါသစိတ်ကပိုပြီးထိန်းချုပ်ရခက်စေပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အတွက် ဒီနေရာမှာ ဒီစိတ်ခံစားချက်ကိုဖွင့်ထုတ်နိုင်မှန်းသိနေလို့ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့က ကိုယ့်ရဲ့အိမ်မှာ၊ ကိုယ့်မိသားစု ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူအပေါ်မှာ ဒေါသထွက်လွယ်တာဖြစ်ပါတယ်။


ဒါဆို ဒီဒေါသစိတ်ကိုဘယ်လို့လျော့ကြမလဲ။ တကယ်လို့ ဒီလိုမျိုး ဒေါသထွက်လွယ်ပြီးတော့ ကိုယ့်စိတ်ကိုယ်လည်းထိန်းချုပ်ဖို့အတွက်လိုအပ်တယ်ဆိုရင်တော့ ဒီဆောင်းပါးမှာ ဘယ်လိုမျိုးလုပ်နိုင်သလဲဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။


(၁) စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျော့ချပါ။

စိတ်ဖိစီးမှုကလည်း ကိုယ့်ရဲ့ ဒေါသထိန်းချုပ်ဖို့ ခက်ခဲတဲ့အကြောင်းအရင်းတစ်ခုဖြစ်နေနိုင်ပါတယယ်။ အလုပ်ရဲ့ စိတ်ဖိစီးမှုတွေ၊ ကိုယ်ရေးကိုယ်တာစိတ်ဖိစီးမှုတွေကိုု ဒေါသအနေနဲ့ မဖြစ်ခင်ကတည်းက စိတ်ဖိစီးမှုသက်သာအောင်ကြိုးစားနေထိုင်နိုင်ပါတယ်။ ဥပမာအားဖြင့် - ကိုယ်ပျော်တဲ့အလုပ်တစ်ခုခု၊ စိတ်သက်သာရာရစေတဲ့ အလုပ်တစ်ခုခုလုပ်တာ၊ လူတွေနဲ့စကားပြောရတာကြိုက်တဲ့သူဆိုရင် သူငယ်ချင်း၊ မိသားစုတွေကိုအချိန်ပေးတာမျိုးကလည်း စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။ ထို့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်တာနဲ့ အတွေးမလွန်အောင်ဂရုစိုက်တာမျိုးကလည်း ကိုယ့်စိတ်ဖိစီးမှု စိုးရိမ်အမှတ်ထိ ရောက်မလာအောင်ကူညီနိုင်ပါတယ်။


(၂) ကိုယ့်ဒေါသကိုသတိထားမိအောင်ကြိုးစားပါ။

ဒီအချက်ကတော့ ကိုယ်ကိုယ်တိုင်လိုက်နာဖို့တော်တော်ခက်ခဲတဲ့အလုပ်ပါ။ ဒါပေမဲ့လည်း ကိုယ်ဒေါသထွက်နေပြီဆိုတာကို သိလိုက်တာနဲ့ တပြိုင်နက် ကိုယ့်ရဲ့ ဒေါသကိုထိန်းချုပ်နိုင်ပါပြီ။ ဒါကြောင့်မလို့ ဒီအလေ့အကျင့်က ခက်ခဲပေမယ့်လည်း ကြိုးစားမွေးမြူသင့်တဲ့အကျင့်တစ်ခုဖြစ်ပါတယယ်။


ကိုယ့်ဒေါသကို သတိထားမိဖို့ကြိုးစားတဲ့အခါမှာ ကိုယ်ရဲ့ အသံ၊ အပြုအမူကို သတိထားမိဖို့ကြိုစားတာက အလွယ်ကူဆုံးနဲ့အသိသာဆုံးဖြစ်ပါတယ်။ ကိုယ့်ရဲ့ အသံကျယ်လောင်လာတာ၊ ကိုယ့်ရဲ့ လက်အမူအရာကသူများကို ထိခိုက်ဖို့ကြိုးစားလာတာမျိုးဖြစ်တိုင်း ဒေါသထွက်နေတာလားလို့ ကိုယ့်ကိုယိကို သတိထားမိဖို့လိုအပ်ပါတယ်။ ပြီးတဲ့အခါ အသက်ပြင်းပြင်းရှုပြီး ဖြေလျော့ခြင်းက ကိုယ့်ရဲ့ဒေါသကို အထိုက်အလျောက်သက်သာစေနိုင်ပါတယ်။


(၃) ကိုယ့်ငယ်ငယ်က အကြောင်းကိုနဲ့လည်းသက်ဆိုင်နိုင်ပါတယ်။

ကိုယ်ငယ်ငယ်က ပတ်ဝန်းကျင်မှာ ရန်ဖြစ်တာကို ခဏခဏမြင်တွေ့ခဲ့ဖူးသူ၊ ဒါမှမဟုတ် ကိုယ့်မိသားစုဝင်ထဲမှာ ဒေါသကြီးတဲ့သူရှိတဲ့အခါ ကိုယ်တိုင်ကလည်း အသက်ကြီးလာတဲ့အခါ စိတ်တိုလွယ် ဒေါသထွက်လွယ်သူတယောက်ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ဒီလိုမျိုးငယ်ငယ်က ကြုံတွေ့ခဲ့ဖူးတယ်ဆိုရင် ဒီစိတ်ကိုသေချာဆန်းစစ်ပြီး အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။

ဒါတွေကတော့ ဒေါသကိုထိန်းချုပ်တဲ့အခါမှာ ကိုယ့်အနေနဲ့ ဆောင်ရွက်လို့ရတဲ့အကြောင်းလေးဖြစ်ပါတယ်။