သင်၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဦးစားပေးရန် နည်းလမ်း (၆) ချက်

MM Beauty

သင်၏စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည်လည်း သင့်ကိုယ်ခန္ဓာကျန်းမာရေးနှင့် တန်းတူညီသော စောင့်ရှောက်မှုနှင့် အလေးထားမှုလိုအပ်ပါသည်။

သင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုဆိုသည်မှာ သင့်ရဲ့ကိုယ်ပိုင်လိုအပ်ချက်များကို အသိအမှတ်ပြုခြင်းနှင့် အလေးထားရမည့် အလေ့အကျင့်များမွေးမြူခြင်းတို့ ဖြစ်သည်။ ဤအရာက အစမှာတော့ ခက်ခဲပြီးတော့ တစ်ကိုယ်ကောင်းဆန်သည်ဟု ခံစားကောင်းခံစားရနိင်သည်။ အထူးသဖြင့် သင့်လိုအပ်ချက်များ မပြည့်မီလေ့ရှိနေသော အချိန်မျိုးတွင် ပိုခံစားရနိုင်သည်။ သို့သော်လည်းပဲ ဤနည်းလမ်းများသည် စိတ်ဖိစီးခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်းတို့အတွက် ဖြေဆေးတစ်ခုဖြစ်သောကြောင့် လေ့ကျင့်ရန်နှင့် နှစ်မြုပ်ရန်ထိုက်တန်ပါသည်။

သင့်၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဦးစားပေးရန်ခက်ခဲနေသည့်အခါမျိုးတွင် အောက်ဖော်ပြပါ အကြံပေးချက် (၆) ချက်ကို အသုံးပြုပြီး စမ်းသပ်ကြည့်ပါ။ ဒါ့အပြင် အခြားသူများ၏ ကျန်းမာ‌‌‌ရေးကို အကောင်းဆုံး နည်းလမ်းဖြင့် ထောက်ပံ့ကူညီပေးနိုင်ရန် သင့်ကိုယ်သင် ဦးစွာစောင့်ရှောက်ရမည်ကို ဂရုပြုပါ။

 

၁။ မိမိကိုယ်ကို အပြစ်တင်ခြင်းကို ရပ်တန့်ပါ။

ကျွန်ုပ်တို့အများစုသည် မိမိကိုယ်ကို မှန်ထဲတွင်ကြည့်၍ အပြစ်တင်လေ့ရှိကြသည်။ ထိုကဲ့သို့ အပြစ်တင်နေမိခြင်းကို သတိထားမိလျှင် ချက်ချင်းရပ်၍ မိမိကိုယ်ကို အကောင်းမြင်ပြီး ကြင်နာတတ်ရန်လိုပါသည်။ အချိန်ကြာလျှင် ထိုအလေ့အကျင့်သည် သင့်အတွက် စိတ်ခွန်းအားတစ်ရပ် ဖြစ်လာနိုင်ပါသည်။

၂။ အပ်ကြောင်းထပ်နေသော အတွေးများကို ရပ်တန့်ပါ။

“အကယ်၍များသာ” ဆိုသည့် အတွေးများနှင့် သံသရာလည်နေခြင်းသည် စိတ်ပင်ပန်းခြင်းကိုဖြစ်စေရုံသာမက စိုးရိမ်ပူပန်မှုများကိုပါဖြစ်စေနိုင်သည်။ ထိုကဲ့သို့သော အတွေးပင်လယ်ထဲ နစ်မြောနေခြင်းအတွက် အကောင်းဆုံးအဖြေသည် လက်ရှိအချိန်(ပစ္စုပ္ပန်) ကို အာရုံစိုက်ခြင်းသာဖြစ်သည်။ တရားထိုင်ခြင်းသည် ထိုသို့ အာရုံစိုက်ရန် အလွန်အထောက်အကူဖြစ်စေသည်။ တရားထိုင်ခြင်းသည် အာရုံစုစည်းမှု စွမ်းရည်ကို မြှင့်တင့်ပေးသည့်အတွက် ကျွန်ုပ်တို့၏စိတ်ကို လိုအပ်သလို ပြန်လည်စုစည်းစေနိုင်ပါသည်။

 

၃။ သင်ငြင်းဆန်ချင်သည့်အချိန်တွင် မငြင်းဆန်ပဲ ထောက်ခံခြင်းကို ရပ်တန့်ပါ။

သင်၏ အချိန်သည် အကန့်အသတ်ရှိပြီးတန်ဖိုးရှိသော အရင်းအမြစ်တစ်ခုဖြစ်သည်။ အကယ်၍ သင်သည် လူတိုင်းစိတ်ကျေနပ်စေရန် ကြိုးစားနေမည်ဆိုလျှင် စိတ်ပင်ပန်းနွမ်းနယ်ခြင်း၊ မကျေမချမ်းဖြစ်ခြင်းများကို ဝယ်ယူလိုက်ရုံသာမက သင်၏စိတ်ချမ်းသာမှုနှင့် သင်တန်ဖိုးထားသောအရာများတိုးတက်ရန်လုပ်ဆောင်မှုများကိုပါ ငြင်းပယ်ရာရောက်သည်။ သင်၏အချိန်ကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုပါ။

၄။ သင်၏ စိတ်နှင့်ခန္ဓာ ကျန်းမာရေးလိုအပ်ချက်များကို အလေးထားဖြည့်ဆည်းပါ။

ကျွန်ုပ်တို့သည် ဖန်သားပြင်များရှေ့တွင် အချိန်အလွန်ကုန်လေ့ရှိသည့်အခါမျိုး၌ ခန္ဓာကိုယ်မှလိုအပ်ချက်များကို အလွယ်တကူမေ့လျော့နေတတ်သောကြောင့် မိမိကိုယ်ကို စမ်းစစ်ရန်အရေးကြီးပါသည်။ သင်ရေငတ်နေသလား၊ ဗိုက်ဆာနေသလား၊ တစ်စုံတစ်ယောက်နဲ့ဆက်သွယ်ရန်လိုအပ်နေသလား၊ အနားယူရန် လိုအပ်နေသလား၊ သင်မည်ကဲ့သို့သော အထောက်အပံ့များကို လိုအပ်နေပါသလဲ စသဖြင့် မိမိကိုယ်ကို စမ်းစစ်သင့်ပါသည်။

၅။ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ပါ။

ကျွန်ပ်တို့သည် လှုပ်ရှားမှုပြုလုပ်ရန် လိုအပ်သော်လည်း နေ့ရောညပါ ဖန်သားပြင်များရှေ့တွင် အချိန်ကုန်နေတတ်ကြသည်။ ထိုသို့ အချိန်ကုန်နေပြီး ကိုယ်လက်လှုပ်ရှားရန် မေ့လျော့နေတတ်သောကြောင့် လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ အကြောဆန့်ခြင်း နှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းများကို  ဂရုပြုလုပ်ဆောင်ရန် အရေးကြီးပါသည်။ ထိုသို့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းသည် စိတ်ကြည်လင်စေရုံသာမက စိတ်ဖိစီးမှုများကိုပါ လျော့ကျစေသည်။

 

၆။ လိုအပ်လျှင် အကူအညီတောင်းခံပါ။

ဘဝတွင် အခက်အခဲများနှင့် ကြုံတွေ့လာသည့်အခါ နောက်ဆုတ် အားလျော့တတ်ကြသည်။ ထိုမှတစ်ဆင့် အထီးကျန်၍ တစ်ယောက်တည်း တသီးတသန့် ဖြစ်စေနိုင်သည်။ ကျွန်ုပ်တို့သည် ခက်ခဲကြမ်းတမ်းသော အချိန်များကို အမြဲတမ်း တစ်ယောက်တည်း ဖြတ်သန်းရမည်ဟု မဆိုလိုပါ။ သင်ချစ်ရသောသူများ နှင့် အတွေ့အကြုံရှိသော နှစ်သိမ့်ဆွေးနွေးပညာရှင်များထံမှ အကူအညီအထောက်အပံ့ကို ရယူရန် အရေးကြီးပါသည်။

*Calm.com မှကူးယူဖော်ပြသည်။